ဗိုက်ထဲက ရင်သွေးလေး ဘယ်အချိန် နှလုံးစခုန်မှာလဲ
ရင်သွေးလေးကို စလွယ်ထားရပြီဆိုတာ သိလိုက်ရချိန်မှာ မေမေဖြစ်လာမယ့် ဖေဖေဖြစ်လာမယ့် မိခင်လောင်း ဖခင်လောင်းတွေရဲ့ ခေါင်းထဲကို ရောက်လာမယ့်အတွေးတွေက မြောက်မြားစွာပါ။ သားသားလေးလား မီးမီးလေးလား? ကလေးလေး ကျန်းမာရဲ့လား? ဘယ်အချိန်ဆို ဘယ်လိုလေးတွေ ဖွံ့ဖြိုးလာမလဲ? ဘယ်အချိန်မှာ ကလေးလေးက စကန်မှာလဲ? ဘယ်အချိန်မှာ morning sickness ပြီးမလဲဆိုတာက စလို့ ဘယ်အချိန်မှာ နှလုံးစခုန်မလဲဆိုတာအဆုံး အားလုံးလိုလိုကို သိချင်နေမယ်ထင်ပါတယ်။ ဒီတစ်ခေါက်တော့ မေမေ့ဗိုက်ထဲက ရင်သွေးလေး ဘယ်အချိန် နှလုံးစခုန်မလဲဆိုတာကို ပြောပြပေးသွားပါမယ်။
ဗိုက်ထဲက ရင်သွေးလေး ဘယ်အချိန် နှလုံးစဖွံ့ဖြိုးတာလဲ
ဖေဖေ့ဆီက သုက်ပိုးလေးနဲ့ မေမေ့ဆီက မျိုးဥလေး ပေါင်းစပ်မိရာက သန္ဓေအောင်ပြီး မေမေ့ သားအိမ်နံရံမှာ တွယ်ကပ်ရာကနေ ရင်သွေးလေး ဖြစ်လာတာပါ။ ရင်သွေးလေးက သန္ဓေအောင်ပြီးစမှ တော်တော်လေး သေးငယ်ပြီး နှလုံးခုန်တာမျိုး မရှိသေးသလို နှလုံးအပါအဝင် ဘာအစိတ်အပိုင်းမှ သေသေချာချာ မဖွံ့ဖြိုးသေးပါဘူး။
ရင်သွေးလေးက သန္ဓေအောင်ပြီးချိန်ကနေ အပတ်စဉ် အလိုက် ဖွံ့ဖြိုးလာရင်း ကိုယ်ဝန်ဆောင်ကာလ ရက်သတ္တပတ် ၅ ပတ် ခွဲကနေ ၆ပတ်လောက် အရောက်မှာ vaginal ultrasound ကနေတဆင့် စပြီး သတိထားမိနိုင်ပါတယ်။
ရင်သွေးလေးက သန္ဓေအောင်ပြီး ၂၂ ရက် အကြာမှာ စပြီး နှလုံး ခုန်ပါတယ်။ ဒီလို နှလုံးစခုန်ပြီ ဆိုပေမယ့်တောင် တစ်မိနစ်ကို ပျမ်းမျှအားဖြင့် အကြိမ်ရေ ၁၁၀ ခုန်ရင်တောင် ကောင်းကောင်း သတိထားမိဖို့ ခက်ပါတယ်။ ဒါပေမယ့် အယ်ထရာဆောင်း နည်းပညာကြောင့် ဒီကာလမှာ နည်းပညာအကူအညီနဲ့ ရင်သွေးလေးရဲ့ နှလုံးခုန်သံကို စကြားရပါပြီ။
ရင်သွေးလေးရဲ့နှလုံးက စတင်ဖွံ့ဖြိုးချိန်မှာ လူကြီးအရွယ်မှာ ရှိတဲ့ နှလုံးပုံစံမျိုး မဟုတ်ပါဘူး။ ပြွန်လိုပုံစံမျိုးလေးပါ။ ဒီအနေအထားကနေမှ သွေးလွှတ်ခန်း ၂ ခန်း နဲ့ သွေးပြန်ခန်း ၂ ခန်းပါတဲ့ အကန့်လေးတွေပါတဲ့ နှလုံးအဖြစ် စတင် ဖွံ့ဖြိုးလာပါတော့တယ်။
ရင်သွေးလေးက ဘယ်အချိန်မှာ နှလုံးစခုန်တာလဲ?
ရင်သွေးလေးက ကိုယ်ဝန်ပထမ ၃ ပတ၊ မေမေ နောက်ဆုံးရာသီသွေးပေါ်ပြီးချိန်ကနေ ၅ ပတ်အရောက်လောက်မှာစပြီး နှလုံးခုန်ပါတယ်။
သန္ဓေအောင်ပြီး ၂၂ ရက်မှာ ရင်သွေးလေး နှလုံးစခုန်ပါတယ်။ ဒါပေမယ့် နှလုံးခုန်နှုန်းက အရမ်းတိုးသေးတာကြောင့် ကြားရဖို့တော့ ခက်နိုင်ပါသေးတယ်။ ဒီလိုကနေ နောက်ထပ် ၂ ပတ် အကြာလောက်မှာ နှလုံး အခန်းလေးတွေ စဖွံ့ဖြိုးတယ်။
နောက်ထပ် ၁ ပတ် အကြာမှာ နှလုံးခုန်နှုန်းက တစ်မိနစ်ကို အကြိမ်ရေ ၁၀၀ ကနေ ၁၆၀ လောက်ရှိလာပါပြီ။ နောက် ၂ ပတ်လောက် (ကိုယ်ဝန်ဆောင်ကာလ ၈ ပတ်လောက်)မှာနှလုံးခုန်နှုန်းက စည်းချက်မှန်လာပါပြီ။ ကိုယ်ဝန်ဆောင်ကာလ ရက်သတ္တပတ် ၁၀ ပတ်ရောက်ပြီဆိုရင်တော့ ရင်သွေးလေးရဲ့ နှလုံးခုန်နှုန်းက တစ်မိနစ်ကို အကြိမ်ရေ ၁၇၀ လောက်အထိ ရှိလာမှာပါ။ မွေးခါနီးရက် နီးလာပြီဆိုရင်တော့ ရင်သွေးလေးရဲ့ နှလုံးခုန်နှုန်းက တစ်မိနစ်ကို အကြိမ်ရေ ၁၃၀ လောက် ရှိနိုင်ပါတယ်။
ရင်သွေးလေး နှလုံးဖွံ့ဖြိုးပြီး ကျန်းမာစေဖို့ ဘာတွေ သတိထားပေးရမလဲ?
ဗိုက်ထဲက ရင်သွေးလေး နှလုံး ကောင်းကောင်း ဖွံ့ဖြိုးပြီး ကျန်းမာစေဖို့ဆိုရင် မေမေက
- သစ်သီးတွေစားပါ
- ဟင်းသီးဟင်းရွက်တွေစားပါ
- Omega -3 fatty acid ကြွယ်ဝတဲ့ ငါးတွေ စားပါ
- ဖောလစ်အက်ဆစ်သောက်ပါ
- လေ့ကျင့်ခန်းလုပ်ပေးပါ ( ကိုယ်ဝန်ဆောင် ယောဂလိုမျိုးပေါ့)
- ဆေးလိပ်ငွေ့ရှောင်ပါ
- ကဖင်း ရှောင်ပါ
- အယ်လ်ကိုဟောရှောင်ပါ။
ရေးသားသူ - မွန်မွန်